12/02/2024
Valentine's Day ဗယ်လင်တိုင်းနေ့
ဗယ်လင်တိုင်းနေ့လို့ အလွယ်ခေါ်ကြတယ်။ အမှန်က Saint Valentine's Day စိန့် ဗယ်လင်တိုင်းနေ့ပါ။ နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄) ရက်လို့သတ်မှတ်ထားတယ်။ ခရစ်ယာန်ဘာသာ အစောပိုင်းက Saint Valentinus စိန့် ဗယ်လင်တီးနပ်စ်က စခဲ့တာပါ။
ခုခေတ်မှာတော့ အချစ်ဆိုတာတခုတည်းလို့မှတ်ယူပြီး မြန်မာတွေကတော့ ချစ်သူများနေ့တဲ့။ သုတေသနလုပ်ထားသူတယောက်က ရေးပါတယ်။ ရည်ညွှန်းထားတာတွေကတော့ မဆုံးနိုင်အောင် များပေမဲ့ မူလအစကို ဘယ်မှာမှရှာလို့မရဘူးတဲ့။ Horse Lover's Day မြင်းချစ်သူများနေ့၊ Cheese Lovers Day ဒိန်ခဲချစ်သူများနေ့၊ Pet Lover's Day အိမ်မွေးတိရစ္တာန်ချစ်သူများနေ့ စတာတွေတော့ရှိပါတယ်တဲ့။
ဖေဖေါ်ဝါရီ (၁၄) ရက်ကို သတ်မှတ်တဲ့ ဗယ်လင်တိုင်းနေ့သမိုင်းဟာ မယုံရင်ပုံပြင်မှတ် အစားထဲကပါ။ ဗယ်လင်တိုင်း ပုံပြင်တွေအားလုံးဟာ တီထွင်ထားတာတွေပါ။ အချစ်နဲ့ဆိုင်တာကတော့ ဒဏ္ဍာရီတွေသာဖြစ်တယ်။ မျက်မမြင်ကို ဆေးကုပေးတဲ့ပုံပြင်က ဆေးပညာနဲ့နီးစပ်လို့ ဘက်လိုက်ပြီးရွေးပါမယ်။
ခရစ်ယာန်မှမဟုတ်ရင် လက်မထပ်ခွင့်မရှိဆိုတဲ့ ဘုရင့်အမိန့်အရ လူပျိုဖြစ်နေရတဲ့စစ်သားတွေကိုကူညီခဲ့တဲ့ ဇာတ်လိုက်ဟာ သေဒဏ်ကျခံနေတဲ့ အကျဉ်းသားတယောက်ပါ။ ထောင်ထဲမှာနေရင်း ထောင်အရာရှိ အက်စတားရီးယပ်စ်ရဲ့ သမီးကို ဆေးကုပေးရပါသတဲ့။ ဆေးကုပေးစဉ်မှာ အဲဒီမိန်းကလေးကို မေတ္ကာသက်ဝင် ချစ်ခင်လာပါတော့တယ်။ ဆေးချက်ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ မျက်မမြင်ကလေးမမှာ မျက်စိနှစ်ကွင်းအလင်းပြန်ရပြီး၊ Valentine ဆိုတဲ့စာကို ဖတ်နိုင်လာပါသတဲ့။ ဒါပေမဲ့ ဧကရာဇ် ဒုတိယ ကလောဒီးယပ်စ်ကနေ သေဒဏ်ပေးပါတယ်။ သူအသတ်မခံရခင်လေးမှာ Your Valentine မင့်ရဲ့ဗယ်လင်တိုင်းဆိုတဲ့ နောက်ဆုံးနှုတ်ဆက်စကားလေး ရေးထားခဲ့ပါတယ်။ အချစ်မှာ မျက်စိမပါဘူးလို့ ပြောကြာတာ ဒီကနေလာပုံရတယ်။
တကယ့်အဖြစ်အပျက်ကတော့ ခရစ်ယာန်ဘာသာအစောပိုင်းကာလတွေမှာ ဘာသာရေး အာဇာနည်တွေကို အဲလို ဗယ်လင်တိုင်းဘွဲ့ ပေးခဲ့ပါတယ်။ St. Valentine စိန့် ဗယ်လင်တိုင်းဟာ ခရစ်ယန်ဘာသာအတွက် ခေါင်းဖြတ် သတ်တာခံရတယ်။ ဖေဖေါ်ဝါရီ (၁၄) ဆိုတာက အဲဒါကနေလာတာဖြစ်ပါတယ်။ Anglican Communion အင်ဂလီကန် နဲ့ Lutheran Church လူသာရင်ကျောင်းတွေကနေ ကျင်းပကြပါတယ်။ Eastern Orthodox Church အော်သိုဒေါက်စ် ကတော့ ဇူလိုင် ၆ နဲ့ ၃ဝ နေ့တွေမှာ ကျင်းပပါတယ်။
စိန့် ဗယ်လင်တိုင်းဟာ မြားနတ်မောင်ပုံလဲပါတဲ့ Amethyst ကျောက်လက်စွပ်ကို ဝတ်ဆင်ပါတယ်။ ဒါကြောင့် ဖေဖေါ်ဝါရီလရဲ့ ရတနာဟာ Amethyst ခရမ်းရောင်ကျောက်လို့ သတ်မှတ်ကြပါတယ်။ ဖေဖေါ်ဝါရီလဟာ နှလုံးရောဂါ အသိပညာပေးလလည်း ဖြစ်ပါသေးတယ်။ ကပ်ပြားတွေ၊ ပန်းတွေ၊ ချောကလက်တွေ၊ လက်ဆောင်ပစ္စည်းတွေ ပို့ကြတဲ့ဓလေ့က ဗြိတိန်ကနေစတယ်။
နောက်ခံအကြောင်းကိုမသိပဲ ဖေဖေါ်ဝါရီ (၁၄) အတွက် အားခဲထားသူတွေသိဘို့က ဗယ်လင်တိုင်းဆိုတာ ချစ်တာလည်း ပါတယ်။ ဆေးကုတာလည်းပါတယ်။ ခရစ်ယန် ဘာသာရေးအာဇာနည်ဖြစ်တယ်။ ဘုရင့်အမိန့်နဲ့ သေဒဏ်ကျခံရတာလည်း ပါတယ်။ နောက်ဆုံးနှုတ်ဆက်စကားလည်းဖြစ်ပါတယ်ခင်ဗျား။
ဒေါက်တာတင့်ဆွေ